တရုတ်စီမံကိန်း ၉ ခုရဲ့ အစိတ်အပိုင်းအများစုကို အာရက္ခတပ်တော် AA ထိန်းချုပ်ထား
စက်တင်ဘာ ၃၊ ၂၀၂၄
ရခိုင်ပြည်နယ်မှာ တရုတ်နိုင်ငံပိုင် စီမံကိန်း ၉ခုရဲ့ အစိတ်အပိုင်းအများစုကို အာရက္ခတပ်တော် AA က ထိန်းချုပ်ထားတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်မှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၁ ခုရှိတဲ့အထဲက စီမံကိန်း ၉ ခုကို အာရက္ခတပ်တော်(AA)က တစိတ်တပိုင်း ထိန်းချုပ်ထားနိုင်ပြီလို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူသဘာဝဓာတ်ငွေ့သုံး စွမ်းအင်စီမံကိန်း၊ ရေနံပိုက်လိုင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ကျောက်ဖြူ – အမ်းရထားလမ်း၊ မန္တလေး – ကျောက်ဖြူရထားလမ်း၊ မန္တလေး – ကျောက်ဖြူကားလမ်း၊ ကျောက်ဖြူ – နေပြည်တော်ကားလမ်းနဲ့ သံတွဲလေအားလျှပ်စစ်စီမံကိန်းတွေကို AA က တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။
AA ထိန်းချုပ်ထားတဲ့ တရုတ်စီမံကိန်းတွေရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံနဲ့အထက်ရှိပြီး အကောင်အထည် မဖော်ရသေးလို့ တန်ဖိုးမတွက်ချက်ရသေးတဲ့ စီမံကိန်းတွေလည်း ပါဝင်ကြောင်း ISP – Myanmar က ဆိုပါတယ်။
ဒါ့ကြောင့် တရုတ်အနေနဲ့ သူတို့ရဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး AA နဲ့သာ နိုင်ငံရေးအရ စကားပြောရတော့မယ့် အနေအထားဖြစ်တယ်လို့လည်း နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။
အာရက္ခတပ်တော် AA ဟာ လက်ရှိမှာ ရခိုင်ပြည်နယ်ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် သိမ်းပိုက်ထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက တရုတ်နိုင်ငံသားပိုင်စီမံကိန်းအများစုဟာလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့ PDF တွေ လက်ထဲရောက်ရှိနေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ရှမ်းမြောက်ဒေသက MNDAA နဲ့ TNLA ထိန်းချုပ်ရာနယ်မြေတချို့က တရုတ်စီမံကိန်းအများစုကိုလည်း စစ်ကောင်စီက လက်လွှတ်ထားရပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်သစ် ခန့်အပ်စဉ်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရုတ်စီမံကိန်းတွေကို အပြည့်အ၀ကာကွယ်ပေးသွားမှာဖြစ်ကြောင်း ကတိပြုပြောကြားထားပါသေးတယ်။