ရှမ်း-ကယားနယ်စပ် စစ်ဆင်ရေးတွင် စစ်ကောင်စီ ၃၀ ဦး သေဆုံးဟု ဆို
စက်တင်ဘာ ၁၃၊ ၂၀၂၄
ကရင်နီပြည်(ကယားပြည်နယ်)ရှမ်း-ကယားနယ်စပ်စစ်ဆင်ရေးတွင် တပတ်အတွင်း စစ်ကောင်စီတပ်သား ၃၀ ဦး သေဆုံးခဲ့ပြီး ၃ဦးအရှင်ဖမ်းမိကာ လက်နက်အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း လွိုင်ကော်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF)က ယနေ့ သတင်းထုတ်ပြန်သည်။
Loikaw Local Pdf ၊ လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်( Loikaw PDF) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)နှင့် ရှမ်းတောင်အခြေစိုက်တပ် အသီးသီးတို့ ပူးပေါင်းပြီး ရှမ်း-ကယားနယ်စပ်စစ်ဆင်ရေးကို စက်တင်ဘာ ၅ရက်တွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်များ စိုးမိုးထားသော တပ် ၊ ရဲစခန်း ၊စခန်းကုန်းများအား တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးသူ ၃၀ ဦး ရှိပြီး ၃ ဦး အရှင်ဖမ်းမိနိုင်ခဲ့ကာ လက်နက်အများအပြား သိမ်းဆည်းထားနိုင်ခဲ့ကြောင်း အသိပေးသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များမှ လေကြောင်း၊ ဒရုန်း ၊ လက်နက်ကြီး အမြောက်အမြားသုံးစွဲခဲ့ရာတွင် လွိုင်ကော် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးစိုးရိမ်ရကာ KNDF ၊KNPLF၊ ရှမ်းတောင်အခြေစိုက်တပ်များမှလည်း ထိခိုက်ကျဆုံးမှုရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
ပုံစာ-ဖမ်းဆီးထားသော စစ်သုံ့ပန်းများနှင့် လက်နက်များ/ Loikaw Local PDF