Burmese News
Uncategorized

မေမြို့က ဆင်းပြေးလာတဲ့ ကားတွေ မန္တလေး (၁၆)မိုင်ဂိတ်မှာ အစီးရေ ထောင်ချီ ပိတ်မိ၊

မေမြို့က ဆင်းပြေးလာတဲ့ ကားတွေ မန္တလေး (၁၆)မိုင်ဂိတ်မှာ အစီးရေ ထောင်ချီ ပိတ်မိ၊

မေမြို့မှာ တိုက်ပွဲဖြစ်တော့မယ် ဆိုတဲ့ သတင်းကြောင့် စစ်အုပ်စု မိသားစုနဲ့ မြို့ခံတချို့ ပြောင်းရွှေ့နေ၊

ဒေါ်လာ/MFP ၊ ဩဂုတ် – ၇

မန္တလေးတိုင်း၊ မေမြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားတော့မယ် ဆိုတဲ့ သတင်းတွေကြောင့် စစ်အုပ်စု မိသားစုဝင်တွေနဲ့ မြို့ခံပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးဖို့ ကြိုးစားနေပြီး ဒီမနက်ပိုင်း မေမြို့က ဆင်းလာတဲ့ ထောင်နဲ့ချီတဲ့ ကားတန်းကြောင့် မေမြို့ – မန္တလေးလမ်း (၁၆)မိုင်ဂိတ်မှာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွက MFP ကို ပြောပါတယ်။

“မန္တလေးအဝင် (၁၆)မိုင်ဂိတ်မှာ မေမြို့က ဆင်းလာတဲ့ ကားတန်း ပိတ်နေတာ တော်တော်များတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

(၁၆)မိုင် စစ်အုပ်စု စစ်ဆေးရေးဂိတ်ကနေ မေမြို့ဘက်အတက် မိုင်နဲ့ချီကာ ယာဉ်ကြောပိတ်ဆို့နေတာ ဖြစ်ပြီး ပိတ်မိနေတဲ့ ကားအစီးရေ ထောင်နဲ့ချီကာ အများစုက အိမ်စီးကားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

(၁၆)မိုင်ဂိတ်မှာ နေရာယူထားတဲ့ စစ်အုပ်စုက ခရီးသွားကားနဲ့ လိုင်းကားတွေကို အစစ်အဆေး တင်းကြပ် နေတာကြောင့် အခုလို ကားအစီးရေ ထောင်နဲ့ချီကာ ပိတ်မိနေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဩဂုတ်(၇)ရက် မနေ့က စတင်ပြီး စစ်အုပ်စုက မေမြို့မှာ လုံခြုံရေး တိုးမြှင့်ပြီး တစ်မြို့လုံးနီးပါး တပ်ဖြန့် နေရာ ချထားသလို လူနေရပ်ကွက်အတွင်းရှိ အထပ်မြင့် အဆောက်အဦးတွေပေါ်မှာလည်း နေရာယူ တပ်စွဲထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီနေ့ ဩဂုတ်(၈)ရက်မှာ ကျရောက်တဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံ နှစ်ပတ်လည်နေ့မှာ တော်လှန်ရေးအင်အားစုတွေ မေမြို့ကို ဝင်ရောက် တိုက်ခိုက်နိုင်တယ်ဆိုတဲ့ သတင်းတွေ ပြန့်နေတာကြောင့် စစ်အုပ်စုက မေမြို့မှာ ခံစစ်ပြင်နေတာလို့ ဆိုပါတယ်။

“စခတွေ လူဖြန့်နေတယ်။ Ruby mark တို့ ဘာတို့မှာရော။ ပြီးတော့ လူနေရပ်ကွက်ထဲက တိုက်အမြင့်တချို့မှာ ဝင် နေရာ ယူထားတယ်”လို့ မေမြို့ မြို့ခံတစ်ဦးက MFP ကို ဩဂုတ်(၇)ရက်က ပြောပါတယ်။

စစ်အုပ်စုဟာ သူတို့ရဲ့မိသားစုဝင် အများအပြားကို မြို့ကနေ ထွက်ခွာပြီး ဘေးလွတ်ကင်းရာ ဒေသတွေဆီ ရွှေ့ပြောင်း ခိုင်းနေပေမယ့် မေမြို့က မြို့ခံ အရပ်သား လူငယ်တွေကိုတော့ စစ်မှုထမ်းဖို့ အတင်းအကြပ် ဖမ်းဆီး နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် မေမြို့ စစ်ဆေးရုံအတွင်းမှာ ရှိတဲ့ ဒဏ်ရာရ စစ်အုပ်စု လူနာတွေကိုလည်း အခုရက်ပိုင်း နေရာ ရွှေ့ပြောင်းပေးနေတယ်လို့ စစ်ဆေးရုံဝန်ထမ်း မိသားစုတွေက ဆိုပါတယ်။

“စစ်ဆေးရုံထဲက လူနာတွေတော့ ရွေ့တယ် ပြောတယ်။ နည်းနည်းချင်း ရွှေ့တယ်ပြောတယ်။ အကုန် ရွှေ့မရွှေ့တော့ မသိဘူး။ အခြားသူတွေလည်း အထုပ်တွေ ဘာတွေ ပြင်ထားတယ်ပြောတယ်”လို့ ဝန်ထမ်းမိသားစုဝင် တစ်ဦးက MFP ကို ပြောပါတယ်။

သြဂုတ်(၇)ရက် မနက်ပိုင်းက စပြီး မေမြို့က စစ်အုပ်စု တပ်ရင်းတပ်ဖွဲ့တွေအတွင်း နေထိုင်တဲ့ စစ်အုပ်စု မိသားစု ဝင်တွေနဲ့ မြို့ထဲမှာ နေထိုင်သူတွေပါ ပြောင်းရွေ့နေကြတာ ဖြစ်ပြီး အများစုဟာ ရန်ကုန်၊ နေပြည်တော်နဲ့ မိတ္ထီလာ မြို့တွေဘက် ပြောင်းရွေ့နေကြတယ်လို့ ဆိုပါတယ်။

“စစ်တပ်မိသားစုဝင်တွေ ပြောင်းရွေ့နေပြီး မေမြို့ထဲကနေ ကားတန်းတွေလိုက် ထွက်ခွာနေတယ်တဲ့။ စစ်တပ် မိသားစု ဝင်တွေက ရန်ကုန်၊ နေပြည်တော်နဲ့ မိတ္ထီလာ မြို့တွေကို ရွှေ့ကြတာတဲ့”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

တချိန်တည်းမှာပဲ ဩဂုတ်(၇)ရက် မနက်ပိုင်းက စပြီး နောင်ချိုဘက်ကနေ မေမြို့ မြို့ထဲ ဝင်တဲ့ကားတွေ အားလုံး ကို စစ်အုပ်စုက ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပြီး လမ်းပြန်ဖွင့်၊ မဖွင့် နောက်ဆက်တွဲ အခြေအနေ ကိုတော့ MFP အနေနဲ့ မသိရသေးပါဘူး။

မေမြို့နဲ့ ထိစပ်နေတဲ့ နောင်ချိုနဲ့ ကျောက်မဲမြို့တွေကို တအာင်းတပ်မတော် – TNLA ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက ပြီးခဲ့တဲ့ ဇူလိုင်နဲ့ ဩဂုတ်လအတွင်း တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ဖြစ်ပါတယ်။

မေမြို့က ဆင်းပြေးလာတဲ့ ကားတွေ မေမြို့ – မန္တလေးလမ်း၊ (၁၆)မိုင်ဂိတ်မှာ ပိတ်မိနေစဉ်/Photo – CJ

Related posts

ရဲစခန်းမှအပ ကမ္မတစ်မြို့လုံးကို PDF ထိန်းချုပ်ထားဟုဆို

burmesenews

နယ်မြေ ကျုံ့-ကျုံ့လာတဲ့ စစ်ရှုံး-ခေါင်းဆောင်

burmesenews

ထပ်မံ သိမ်းရသည့် မြို့နယ်များ အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်ရာ၌ CDM ဝန်ထမ်းများအား ဖိတ်ခေါ်ရန် TNLA ခေါင်းဆောင် ပြော

burmesenews

Leave a Comment