Myanmar News

AA လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်၍ စစ်ကောင်စီက ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့ ပတ်ပတ်လည်တွင် မြေမြှုပ်မိုင်းများ ထောင်ထား

AA လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်၍ စစ်ကောင်စီက ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့ ပတ်ပတ်လည်တွင် မြေမြှုပ်မိုင်းများ ထောင်ထား

ရန်ကုန်| ဧပြီ ၃၀

ရခိုင်ပြည်၊ စစ်တွေမြို့ အဝင်အထွက်နှင့် စစ်ကောင်စီ၏ တပ်အနီးတစ်ဝိုက်တွင် မြို့ခံများထွက်သွား၍ မရအောင် မြေမြှုပ်မိုင်းများ ထောင်ထားကြောင်း မြို့ပေါ်မှ ထွက်ပြေးလွတ်မြောက်လာသူနှင့် မိုင်းကြောင့် ထိခိုက်ဒဏ်ရာရှိသူများက ပြောသည်။

တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်တွင် စစ်ကောင်စီ လက်ရှိ စိုးမိုးထားသည့် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲနှင့် တောင်ကုတ်၊ အမ်းတို့တွင် စစ်ကောင်စီက မြေမြှုပ်မိုင်းများ ထောင်ထားမှုများ ရှိကြောင်း တပ်အတွင်း နေထိုင်သူများက ပြော သည်။

ယင်းအထဲတွင် စစ်တွေမြို့အဝင်အထွက် တပ်ထိန်းဂိတ်၊ စက်ရုံစုရပ်ကွက်မှ အမှတ် ၁၂ ရဲတပ်ရင်း၊ ဆပ်ရိုးကျ တံတားအနီး ကျေးတောပိုက်ဆိပ်နှင့် ရွှေပြည်သာရပ်ကွက်၊ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်း အနီးတစ်ဝိုက်များတွင် မြေမြှုပ်မိုင်းများထောင်ထားခြင်း ဖြစ်သည်။

စစ်တွေဒေသခံတစ်ဦးက “စစ်တွေမြို့ကို အဝင်အထွက်ကို စစ်ကောင်စီက ပိတ်ထားတာဗျ။ မြို့ပတ်ပတ်လည်မှာလည်း မြေမြှုပ်မိုင်းတွေ ထောင်ထားတယ်။ ဘယ်ကနေ သွားသွား အဖမ်းမခံရရင် မိုင်းထိတယ်။ လုံးဝကို ထွက်လို့ မရဘူး။ တကယ်လို့ ထွက်လို့ မိသွားရင်တော့ အဖမ်းခံရတာပဲ။ အဖမ်းခံနေရာတာလည်း အများကြီး၊ တစ်ခု ရှိတာက စစ်တွေမြို့က ထွက်ချင်ရင် အပြင်ပေါက် ဈေး ၃ သိန်းကနေ ၄ သိန်း အထိ ရှိတယ်” ဟု ပြောဆိုသည်။

ကျောက်ဖြူမြို့ ဧရိယာ အတွင်းစစ်ကောင်စီက ထောင်ထားသည့် မိုင်းကြောင့် သေဆုံးသူ ၅ ဦးထက်ရှိပြီး ဒဏ်ရာရရှိသူ ၂၀ ဝန်းအထိ ရှိကြောင်း စစ်တွေမြို့အတွင်းလည်း သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများ ရှိကြောင်း ရှိကြောင်း ပြောသည်။

ထို့အပြင် စစ်တွေမြို့လက်ရှိအခြေနေမှာ ဒေသခံများအနေဖြင့် ဝမ်းရေးအလုပ်ကိုင်များကိုလည်း လုပ်ကိုင်ခွင့်မရတော့ခြင်း၊ ကုန်စျေးနှုန်းလည်း အဆမတန်မြင့်လာခြင်းများဖြစ်နေသည်ဟု စစ်တွေမြို့ခံ တစ်ဦးကပြောသည်။

“လုပ်နေကျအလုပ်တွေလည်း လုပ်ခွင့်မရကြတော့ဘူး။ အပြင်ထွက်ရင်လည်း စစ်တယ်။ ချောင်းထဲ၊ မြစ်ထဲဆင်းရင်လည်း စစ်တယ်၊ ဖမ်းတယ်။ ကျနော်တို့ဘာမှ လှုပ်လို့မရဘူးဖြစ်နေတယ်။ အလုပ်ကိုင် မရှိတဲ့ကြားထဲ ကုန်စျေးနှုန်းကလည်းလက်လှမ်းမမီတော့ဘူး။ ဒီဒုက္ခတွေကြောင့် မြို့ကထွက် မယ်လုပ်ပြန်ရင်လည်း အဖမ်းခံကြရပြန်တယ်” ဟုပြောသည်။
ယင်းအပြင် စစ်ရေးတင်းမာနေသည့်အခြေအနေဖြစ်နေသည့်အတွက် ဒေသခံများအနေဖြင့် မြို့တွင်းတိုက်ပွဲကြားတွင် ညှပ်နေမည်ကိုလည်း စိုးရိမ်လျှက်ရှိနေကြသည် စစ်တွေမြို့တွင် ရှိနေသေးသူ နောက်ထပ် ဒေသခံတစ်ဦးကဆိုသည်။

“စစ်ကောင်စီတပ်က မြို့ကဘယ်သူမှ ထွက်ခွင့်မရအောင်လုပ်ထားတယ်။ ထွက်ရင်လည်း အသက်စွန့်ပြီးထွက်ကြရတော့မယ်။ တကယ်က နှစ်ဖက်တိုက်ပွဲကြားမှာ မညှပ်ရအောင် ပြည်သူတွေကိုမြို့ကနေ အပြင်ကိုတောင် ထုတ်သင့်တာ။ ခုကအပြင်မထုတ်တဲ့အပြင် ပိတ်လှောင်ထားတယ်။ ပြည်သူကို ဘယ်သူမှဂရုမစိုက်ကြဘူး” ဟုပြောသည်။

ထိုကဲ့သို့ စွန့်ခွာနေကြရာမှ ယခုလပိုင်းထဲတွင် စစ်ကောင်စီတပ်မှ မြို့မှထွက်ခွာသည့် ထွက်ပေါက်များအားလုံးကို ပိတ်ဆို့လိုက်ပြီး ရေကြောင်းသွားလာရေးယာဥ်များဖြစ်သည့် ဘုတ်များကိုလည်း မီးရှို့ဖျက်စီးလိုက်ခြင်း၊ ကူးတိုးသဗ္ဗာန်များအား သိမ်းဆည်းခြင်းများ လုပ်ဆောင်ခဲ့သည်။

ထိုအခြေနေကြားမှ လက်ရှိ မြို့တွင်းပိတ်မိကျန်ရှိနေသည့် ဒေသခံများမှာ မြို့မှထွက်ခွာနိုင်ရန် နည်းလမ်းအမျိုးမျိုးဖြင့်ကြိုးပမ်းကြရာမှ စစ်ကောင်စီထံဖမ်းဆီးခံရကာ တရားစွဲဆိုခံရမှုများရှိနေကြကြောင်း စစ်တွေမြို့ခံများကဆိုသည်။

ယင်းအပြင် ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့ကလည်း ကျေးတောဖက်မှနေ၍ မြို့မှထွက်ခွာရန်ကြိုးစားသူအချို့မှာ စစ်ကောင်စီတပ်မှ ထောင်ထားသည့် မိုင်းနင်းမိ၍ သက်ကြီးပိုင်းအမျိုးသမီး ၂ ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည်။
ဓာတ်ပုံ- စစ်တွေတွင် စစ်ကောင်စီက ယခင်နှစ် သံချပ်ကာကားများဖြင့် ကင်းလှည့်နေစဉ်။
(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

Related posts

ပဲခူးတိုင်းတွင် စစ်ကောင်စီလက်အောက်မှ ဆင်အကောင် ၃၀ခန့်နှင့် ဆင်ဝန်ထမ်းမိသား စု ၉၀ကျော် PDF ထံအလင်းဝင်

burmesenews

ရန်ကုန်မြို့တွင် စစ်​ကောင်စီတပ်က လူငယ်များကို ဖမ်းဆီး

burmesenews

ခလရ ၂၇၅ အနီး စစ်ကောင်စီတပ်သားတွေ ပုန်းခိုနေတဲ့နေရာကို တော်လှန်ရေးတပ်တွေ ဗုံးကြဲတိုက်ခိုက်

burmesenews